ကျွန်တော် Meeting တွေကို မုန်းပါတယ်။ ကျွန်တော် ရှောင်နိုင်သလောက် မီတင်တွေကို ရှောင်ပါတယ်။ မီတင်တွေက ပျင်းစရာကောင်းသလို ကိုယ့်ရဲ့ အချိန်တွေကို အကြီးအကျယ် ဖြုန်းတီးတဲ့ နေရာ ဖြစ်တတ်ပါတယ်။ ဒီလို ထင်တာက ကျွန်တော် တစ်ယောက်ထဲတော့ မဟုတ်ပါဘူး။ စီမံခန့်ခွဲရေး ပညာ ရှင်တစ်ယောက်ဖြစ်တဲ့ ပီတာ ဒတ်ကာ (Peter Drucker) ကလဲ အဲလိုပဲထင်ပါတယ်။ သူရဲ့ စာအုပ်ဖြစ်တဲ့ The Effective Executive မှာ ဒီလို ပြောထားပါတယ်။ “မီတင် ဆိုတာဟာ အဓိပ္ပါယ်အားဖြင့် ထိရောက်အောင် မလုပ်တဲ့အဖွဲ့အစည်းတွေရဲ့ အလုပ်ပါ။ လူတစ်ယောက်ဟာ တွေ့ဆုံချင်တွေ့ဆုံလို့ရတယ် ဒါမှမဟုတ် အလုပ်လုပ်လို့ရတယ်။ ဒါပေမယ့် နှစ်မျိုးစလုံး တစ်ပြိုင်တည်း လုပ်လို့မရပါဘူး” စီးပွားရေးနဲ့ ပါတ်သက်တဲ့ မီတင်တွေဟာ အခုချက်ခြင်းကို ပုံစံပြောင်းလဲ ဖို့လိုအပ်နေပါတယ်။ တကယ်လို့များ ခင်ဗျားဟာ မီတင်တွေ ခေါ်နေရတယ် ဆိုရင် အောက်မှာ ရှိတဲ့ အချက်တွေကို ချက်ခြင်းသာ အသုံးချလိုက်ပါ။ ၁။ မီတင် မှာ အောင်မြင်မှု (ဦးတည်ချက်) တစ်ခုကို မရည်ရွယ်ဘူး ဆိုရင် မီတင် မလုပ်ပါနဲ့ (No end goal = no meeting) မီတင်တိုင်းမှာ အတိုချုပ် နဲ့ ရှင်းရှင်းလင်းလင်း သတ်မှတ်ထားတဲ့ ရည်ရွယ်ချက် တစ်ခု ကို စပြီ့း မစီစဉ်ခင် ရှိထားဖို့လိုသလို ပါဝင်မယ့် သူအားလုံးကလဲ မီတင်ကနေ နောက်ဆုံး ဘယ် ဦးတည်ချက်၊ ဘယ်ရလဒ်ကို သွားမယ် ဆိုတာ ရှင်းရှင်းလင်းလင်း သိထားဖို့လိုပါတယ်။ ဦးတည်ချက် ဆိုတာဟာ လုပ်ဆောင်မယ့် လုပ်ဆောင်ချက်တွေ ပါပါတယ်။ တွေ့ပြီိး စကားပြောရုံလေး ပြောတာမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ မီတင်တက်ရောက်တဲ့ သူတိုင်းက တူညီတဲ့ ဦးတည်ချက် တစ်ခုဆီကို ရောက်အောင်၊ လိုအပ်တဲ့ ရလဒ် တစ်ခုရလာအောင် အမြဲဦးတည် ဆွေးနွေးရမှာ ဖြစ်ပါတယ်။ ၂။ သတ်မှတ်ချင်တဲ့ မီတင်ကြာချိန်ကို တဝက်လျော့ချပါ။ မီတင်တစ်ခုလုပ်ဖို့အတွက် အချိန်ဘယ်လောက် လိုမလဲ ဆိုတာကို သတ်မှတ်ပြီးရင် အဲဒီ ကြာချိန်ကို ၂ နဲ့ စားလိုက်ပါ။ ကျွန်တော် တက်ဖူးတဲ့ တစ်နာရီ ကြာတဲ့ မီတင်တော်တော်များများက တကယ်တမ်း အလုပ်လုပ်မယ် ဆိုရင် မိနစ် ၃၀ အတွင်းမှာတင် ပြီးနိုင်ပါတယ်။ မီတင်တစ်ခုကို အချိန်မျှမျှတတ သတ်မှတ်လိုက်ရင် လူတိုင်းဟာ အလုပ် ပိုပြီးတွင်လာတာကို တွေ့ရပါလိမ့်မယ်။ (စကားရှည်ရှည် မပြောတော့တာတို့၊ မလိုလားအပ်တဲ့ စကားစမြည် ပြောတာတွေ မရှိတော့တာတို့၊ အစရှိသဖြင့်…) ၃။ ပါဝင်ဆွေးနွေးမယ့် လူအရေအတွက်ကို ကန့်သတ်ပါ။ မီတင် တစ်ခုကို လူများများတက်လေလေ၊ အချိန် ပိုပြီး ဖြုန်းလေပါပဲ၊ ပြီိးတော့ ဦးတည်ချက်ကို ထိန်းသိမ်းထားဖို့လဲ ပိုပြီိး ခက်ပါတယ်။ (ဆရာများ သားသေ ဆိုတဲ့စကားလိုပါပဲ) လူနှစ်ယောက်ထဲ တွေ့ပြီး စကားပြောလိုက်တာဟာ လူသုံးယောက် စကားပြောတာထက် ပိုပြီး အကျိုးသက်ရောက်မှု ရှိတတ်ပါတယ်။ အဲဒီအတွက် မီတင်မှာ ပါဝင်မယ့် သူတွေကို သေသေချာချာ ရွေးချယ်ပြီး ဖိတ်ကြားပါ။ ဂျက်ဖ်ဘီဇို (Jeff Bezos) ရဲ့ နာမည်ကျော်တဲ့ “ပီဇာ နှစ်ခု စည်းကမ်း” လိုပါပဲ။ ပီဇာနှစ်ခုနဲ့ ကျွေးလို့ မလောက်နိုင်မယ့် မီတင်မျိုး ဘယ်တော့ မှ မလုပ်ပါနဲ့။ ခင်ဗျားဟာ လုပ်ငန်းကြီိးတစ်ခုခုမှာ လုပ်နေတာဆိုရင် အဲဒီ စည်းကမ်းကို ရှေ့ဆက်ရမယ့် အောင်မြင်မှု ပေးမယ့် နည်းလမ်း အဖြစ် အသုံးပြုပါ။ ၄။ မီတင်နဲ့ မဆိုင်တာတွေ လုံးဝ မဆွေးနွေးခြင်း မီတင်မှာ တစ်ယောက်ယောက်ကတော့ ဦိးဆောင်ပြီး ဦးတည်ချက် မပျောက်အောင် တစ်ချိန်လုံး သတိထားနေရမှာပါ။ အဲဒီအတွက် မီတင် မစခင်ကတည်းက ဘယ်အကြောင်းအရာ ရလဒ်ကို ဦးတည်ပြီး လုပ်မယ် ဆိုတာကို သေချာ ဖို့ လိုတယ် ဆိုတာကတော့ ပြောစရာတောင်လိုမယ် မထင်ပါဘူး။ ဘယ်သူကမှ မီတင်ကို ရဲလို လိုက်ပြီိး ထိန်းသိမ်းနေချင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း တစ်ယောက်ယောက်ကတော့ အဲဒီဦးတည်ချက် မပျောက်အောင် ထိန်းသိမ်းတဲ့ အလုပ်ကို လုပ်ရမှာပါ။ “ကျွန်တော် ပြောပါရစေ၊ ခင်ဗျားပြောတဲ့ကိစ္စဟာ အရေးကြီးတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အခုလုပ်တဲ့ မီတင်နဲ့ အဲဒီ အကြောင်းအရာနဲ့ ဘာမှမဆိုင်ပါဘူး” ဒီလိုစကားမျိုးကို တစ်ယောက်ယောက်က ပြောရမှာပါ။ မီတင်ဆိုတာ ဆက်ရှိနေဦးမှာပါ။ စိတ်ပျက်စရာ ကောင်းပေမယ့် လိုအပ်တဲ့ ကိစ္စအနေနဲ့ ရှိနေဦးမှာပါ။ ဒါပေမယ့် အခုအပေါ်မှာ ပြောခဲ့တဲ့ ရိုးရိုးရှင်းရှင်း နည်းလမ်း လေးခုကို ကျင့်သုံးလိုက်တာနဲ့ စိတ်ပျက်စရာ ကောင်းတဲ့ကိစ္စတွေကို တော်တော်လေး လျော့ချနိုင်မှာပါ။
Add a Comment