Internet Marketing ဆိုတာ
အင်တာနက်က ကမ္ဘာကြီးကို ရွာကြီးတစ်ရွာအဖြစ် ပြောင်းလဲနေပါတယ်။ အင်တာနက် က လူသား အချင်းချင်းကြားမှာ ရှိနေတဲ့ သတင်းဆက်သွယ်ရေးပုံစံတွေကို သိသိသာသာ ပြောင်းလဲပစ်နေတယ်ဆိုတဲ့ အချက်ဟာ Marketing (စျေးကွက်ရှာဖွေသူတွေအပေါ်) ကြီးမားတဲ့ သက်ရောက်မှုတစ်ခုပါ။ လက်ရှိအချိန်မှာ အရင်သွားနေတဲ့ Traditional or Outbound Marketing ပုံစံတွေအစား အင်တာနက်ကိုအသုံးချပြီး စျေးကွက်ချဲ့ထွင်ကြဖို့ အလေးထားပြီး ပြုလုပ်လာကြပါပြီ။ အင်တာနက် မားကတ်တင်း ဆိုတာဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြား၊ တစ်နေရာနဲ့ တစ်နေရာ အကြား၊ Click တစ်ချက်နှိပ်ရုံနဲ့ စက္ကန့်ပိုင်းလေးအတွင်းမှာ ဆက်သွယ်ပေးနိုင်တဲ့ ကမ္ဘာ့ကြားခံနယ်တစ်ခု(အင်တာနက်) အတွင်း ရောင်းသူ နဲ့ ဝယ်ယူ တွေ့ဆုံနိုင်အောင် ပြုလုပ်ပေးခြင်းပါ။
Direct Marketing Channel တွေဖြစ်ကြတဲ့ ၀ယ်သူနဲ့ တွေ့ဆုံ၍ ရောင်းချခြင်း၊ စာပို့ခြင်း၊ ကတ်တလောက် ရိုက်နှိပ်ခြင်း၊ ဖုန်းနဲ့စျေးကွက်ရှာခြင်း၊ တီဗွီပေါ်မှာ ကြေငြာခြင်း အစရှိတဲ့ Marketing Chanel တွေထက် အင်တာနက်ဟာ အလျင်မြန်ဆုံးနဲ့ လူကြိုက်အများဆုံး ကုန်ကျစရိတ် အသက်သာဆုံး Marketing Channel အသစ်တစ်ခု ဖြစ်လာပါတယ်။
အင်တာနက် မားကတ်တင်းရဲ့ Channel များစွာထဲက အသုံးပြုမှုများနေတဲ့ Channel တွေကတော့ လူမှုရေးကွန်ယက်ကိုအသုံးပြုခြင်း (Social Media)၊ အသုံးဝင်သော အချက်အလက်များ ရေးသားခြင်း (Content Writing)၊ Goolgle မှ ရှာဖွေရာတွင် အမြန်ဆုံးတွေ့ရှိစေရန် ပြုလုပ်ထားခြင်း၊ မိမိတို့၏ လုပ်ငန်းများ၊ ဝန်ဆောင်မှုများ၊ ကုန်ပစ္စည်းများကို အင်တာနက်မှ တဆင့် ဗွီဒီယိုများ အသုံးပြု၍ ရှင်းပြခြင်း (Explainer Video)၊ အီးမေးလ် ပေးပို့၍ ကြော်ငြာ ခြင်းတို့ ဖြစ်ပါတယ်။
Social Media နဲ့ Facebook ကိုအသုံးပြု၍ စျေးကွက်ချဲ့ထွင်ခြင်း
ကျွန်တော်တို့ ဖေ့စ်ဘွတ်ကို အသုံးပြုတဲ့အခါမှာ တချို့ ကြေငြာတွေကို ကျွန်တော်တို့ သူငယ်ချင်းတွေ Like လုပ်ထားတာ မြင်မိ ပါလိမ့်မယ်။ ဒီလိုမြင်မိတဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ အဲဒီကြော်ငြာကို ပုံမှန်ထက် ပိုပြီိး စိတ်၀င်တစားနဲ့ ကြည့်မိတတ်ကြပါတယ်။ “သူတော်ချင်းချင်း သီတင်းလွေ့လွေ့ ပေါင်းဖက်တွေ့“ ဆိုတဲ့ မြန်မာစကားပုံတစ်ခုလိုပါပဲ။ သုတေသနပြုချက်တွေအရ ကိုယ့်အကောင့်ထဲက သူငယ်ချင်းတစ်ယောက် Like လုပ်ထားတဲ့ Brand တစ်ခုကို ကျန်တဲ့ တစ်ခြားသူငယ်ချင်းတွေ သဘောကျနိုင်တဲ့ ရာခိုင်နှုန်းက တစ်ခြား အစိမ်းသက်သက်တစ်ခုနဲ့ ယှဉ်ရင် ငါးဆလောက် ပိုတယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ကိုယ်တိုင် လည်း သူငယ်ချင်းတစ်ယောက် သဘောကျထားတဲ့ ပစ္စည်းတစ်ခုကို စိတ်၀င်တစားနဲ့ ကြည့်မိပြီး ကိုယ်တိုင်လည်း သဘောကျတတ်ပါတယ်။ ဒီလို သဘောကျသွားတဲ့အခါမှာလဲ Like၊ Share၊ Comment တစ်ခုခု လုပ်လေ့ရှိပါတယ်။ မိတ်ဆွေ သူငယ်ချင်း ဆိုတာဟာ တူညီချက် တစ်ခုခု ရှိသူများ စုစည်းမှု ဖြစ်တဲ့ အတွက် တစ်နည်းအားဖြင့် စိတ်တူကိုယ်တူတွေ များကြပါတယ်။ ဒါဟာ ပစ္စည်းတစ်ခုပဲဖြစ်ဖြစ်၊ Brand တစ်ခုကို ကြေငြာချင်တာပဲ ဖြစ်ဖြစ် အများကြီး အထောက်အကူ ပြုနိုင်ပါတယ်။
ဒီအချက်ဟာ လုပ်ငန်းရှင် တစ်ယောက်အတွက်ပဲဖြစ်ဖြစ်၊ Marketer တစ်ဦးအတွက် ပဲဖြစ်ဖြစ် တကယ် စိတ်၀င်စားဖို့ကောင်းပြီး အလေးအနက်စဉ်းစားရမယ့် အချက်လို့ဆိုပါတယ်။ ကိုယ့် Marketing Campaign ကြီးကို လက်ရှိ Marketing Channel တွေမှာမရရှိနိုင်တဲ့ များစွာသော အတိုင်းအတာအထိ ဆွဲဆန့်ပေးနိုင် ပါတယ်။ လူအယောက်တစ်သန်းကို ကြေငြာရင်၊ ကိုကြော်ငြာလိုက်တဲ့ လူအယောက် တစ်သန်းက တစ်ဆင့် လူအယောက် ရှစ်သန်း၊ ဆယ်သန်း အထိလဲ ရောက်ရှိသွားစေနိုင်ပါတယ်။ ရောက်သွားတယ်ဆိုတဲ့ နေရာမှာလည်း ကိုယ့်ကြေငြာကို အမှန်တကယ်စိတ်၀င်စားတဲ့ သူတွေဆီကို အများဆုံးရောက်ရှိသွားမှာ ဖြစ်ပါတယ်။ အကြောင်းကတော့ ဖေ့စ်ဘွတ်လို Social Media တွေပေါ်မှာ ကြေငြာတဲ့ အခါ ကိုယ်လိုချင်တဲ့ Target Market ကိုရွေးချယ် ကြေငြာလို့ရပါတယ်။ အသက်အပိုင်းအခြား၊ ယောက်ျား၊ မိန်းမ၊ စိတ်၀င်စားမှု၊ အလုပ်အကိုင်၊ နေရာဒေသ အစရှိသဖြင့် ရွေးချယ်လို့ရပါတယ်။
ကျွန်တော်တို့ တီဗွီတို့၊ Billboard တို့လို နေရာမျိုးတွေမှာ ကြေငြာတဲ့အခါ ကိုယ့်ကြေငြာကို တကယ်စိတ်၀င်စားတဲ့သူတွေရော၊ စိတ်မ၀င်စားတဲ့သူတွေဆီကိုပါ ရောက်သွားပါတယ်။ ပြီးတော့ အဲဒီမှာ ကြော်ငြာဖို့ဆို ရင် သုံးရမယ့် ငွေပမာဏက အရမ်းပဲ များပါတယ်။ ဒီတော့ စိတ်မ၀င်စားတဲ့ သူတွေအတွက်ပါ ကျွန်တော်တို့ Advertising Budget ကို အကျိုးမရှိသုံးလိုက်ရသလို ဖြစ်နေမှာပါ။ ဒါတွေကို ကျော်လွှားနိုင်ခြင်း ကတော့ ဖေ့စ်ဘွတ်လို အွန်လိုင်း မီဒီယာတွေရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ အလေးထားစဥ်းစားသင့်တဲ့ အချက်တစ်ခုရှိပါသေးတယ်။ Social Media တွေများစွာထဲက ကိုယ့် လုပ်ငန်းသုံးနိုင်တဲ့ ငွေပမာဏနဲ့ အခြေအနေအရ ဘယ် Social Media ကို ရွေးချယ်တာဟာ အကောင်းဆုံးဖြစ် မလဲ ဆိုတဲ့ အချက်ပါ။ ရွေးချယ်တဲ့နေရာမှာ စဉ်းစားရတွေက ကိုယ်သွားချင်တဲ့ စျေးကွက်က ဘယ်နေရာမှာ Active အဖြစ်ဆုံးလဲ၊ တစ်ခြားလူတွေကရော ဘာတွေသုံးပြီး အောင်မြင်နေလဲဆိုတာပါပဲ။ စစ်တမ်းအရ ဖေ့စ်ဘွတ်အသုံးပြုသူ ၉၄%၊ တွစ်တာအသုံးပြုသူ ၈၃% နဲ့ Linkedin အသုံးပြုသူ ၇၁% ရှိပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ကတော့ Facebook ကို အသုံးပြုသူ အရေးအတွက်ဟာ တခြား Social Media ကို အသုံးပြုသူ အရေအတွက်ထက် အများကြီး ပိုများပါတယ်။
(ဒါ့အပြင် သင့်မှာ ၀က်ဆိုဒ်ရှိနေမယ် ဆိုရင် Facebook၊ Twitter နဲ့ Google plus တို့လို Social Media တွေကို ချိတ်ဆက်ထားခြင်းအားဖြင့် Facebook ပေါ်မှာ Like Comment နဲ့ Shareလုပ်တာ၊ Twitter မှာ Tweet လုပ်တာတို့ ကြိမ်ရေများလာတာနဲ့အမျှ သင့်၀က်ဆိုဒ်ရဲ့ ကြည့်သူကြိမ်နှုန်း တိုးလာပြီး Google က သင့်၀က်ဆိုဒ်ကို မှတ်မိလာစေပါတယ်။ ဒါကြောင့် Google ရဲ့ ပထမဆုံး စာမျက်နှာမှာ ပေါ်နိုင်တဲ့ ရာခိုင်နှုန်းလည်း တိုးလာစေပါတယ်။)
Add a Comment